မိုင်းကိုင် ဇူလိုင် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လည်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး က ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု၊ ကူးစက်ပြန့်ပွားမှုအခြေအနေနှင့် ပတ်သက်၍ မြို့နယ်အတွင်း ရောဂါထိန်းချုပ်ကာကွယ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ဖြတ်သန်းသွားလာမည့် ယာဉ်များ၊ ရပ်ဝေးမှပြန်လာမည့်သူများအား စစ်ဆေးကြပ်မတ်နိုင်ရန် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်များဖြင့် စနစ်တကျ တာဝန်ချထား စစ်ဆေးနိုင်ရေး၊ သတ်မှတ်ထားသော Quarantine Center များကို Community Based Facility Quarantine Center အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိကာ ရောဂါပိုး ပြန့်ပွားမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်နိုင်စေရန်၊ Isolution Ward တွင် ဝင်ရောက်နေသော လူနာများအား ကိုယ်ခံအားပြည့်ဝကာ ပြန်လည်ကျန်းမာလာစေရေးအတွက် အစာအဟာရများ ကျွေးမွေး၍ လိုအပ်သည့် အသုံးအဆောင်များ ဖြည့်ဆည်းပေးနိုင်ရန်၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများအတွက် ကြိုတင်စီမံမှုများ ဆောင်ရွက်နိုင်ရန်တို့ကို ချပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော မြို့မိမြို့ဖများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ က အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်များ ချမှတ်ကာ လုပ်ငန်းများ လျင်မြန်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး မတည်ရန်ပုံငွေအဖြစ် အလှူငွေများ အသီးသီးထည့်ဝင် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)