လိပ်သိုမြို့တွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ် (Take Away )ဖြင့်သာ ရောင်းချခွင့်ပြု

လိပ်သို  ဇူလိုင်  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက် ရည်ဆိုင်များကို ယမန်နေ့မှ စတင်၍ ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

လိပ်သိုမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီတို့က ရောဂါပိုး ထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ အား ဆိုင်ထိုင်၍ စားသောက်သုံးဆောင်ခြင်းများကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချခွင့်ပေးမည်ဖြစ်သည်။

လိပ်သိုမြို့တွင်း၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့၀င်/ မြို့ထွက်ဂိတ်မျာကို ရက်သတ္တပတ် နှစ်ပတ်ခန့် သွားလာမှုကန့်သတ်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မိမိနေအိမ်အတွင်းသာနေထိုင်ကြရန်နှင့် ကျန်းမာရေးတစ်စုံတစ်ရာ ထူးခြားမှုရှိပါက သက်ဆိုင်ရာသို့ ဆက်သွယ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

နွယ်နွယ်ခိုင်