မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေး

မိုင်းယောင်း ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့တွင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၊ ဒုတိယတပ်ဖွဲ့မှူး ဦးမင်းမင်းလတ်နှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီစေတနာ့ဝန်ထမ်းများသည် မြို့အဝင် မုန်းလိုက်တံတားရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်၊ မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ တည်းခိုခန်းများနှင့် စျေးဆိုင်များတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ပိုစတာများကပ်ခြင်း၊ “ကိုဗစ်-၁၉ ရောဂါ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်၍ ကာကွယ်ပါ” စသည့် ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာများအား လိုအပ်သော ဆေးဝါးကုသမှုခံယူနိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်သို့ ကြက်ခြေနီကျန်းမာရေးမော်တော်ယဉ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း