ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများအတွက် ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနား မိုင်းပန်၌ ပြုလုပ်

မိုင်းပန်       ဩဂုတ်      ၁၁

၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း မိုင်းပန်မြို့နယ်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများအတွက် မိုးစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးစပါးဓာတ်မြေဩဇာ ကြဲပက်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မိုင်းပန်-တာဆန်းသွားလမ်းနံဘေးရှိ၊ ဘက်စုံကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်၀မ်းမှ အဖွင့် အမှာ စကားပြောကြားခဲ့ပြီး လင်းခေးခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်းမှ (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ ထုတ်တောင်သူများအား ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မိုးစပါးမျိုးစေ့ ထုတ်စိုက်နည်း စနစ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ မိုင်းပန်မြို့နယ်၏ လယ်ယာကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာများနှင့် စပ်လျဉ်း၍ သုံးသပ်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများမှ သွင်းအားစု ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရာ မိုးစပါး မျိုးစေ့ထုတ်တောင်သူ (၂၂)ဦးမှ အသီးသီး လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် စိုက်ပျိုးရေး၀န်ထမ်းများနှင့် ဒေသခံတောင်သူများ ပူးပေါင်း၍  မိုးစပါးဓာတ်မြေဩဇာကြဲပက်ပွဲ ဆောင်ရွက် နေမှုအား တာ၀န်ရှိသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများမှ လှည့်လည် ကြည်ရှု့ အားပေးခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းပန် (ပြန်/ဆက်)