မိတ္ထီလာမြို့နယ်အတွင်းရှိ (VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၁၇ ရွာသို့ စီမံကိန်းရန်ပုံငွေများ လွှဲပြောင်းပေးအပ်

မိတ္ထီလာ သြဂုတ်လ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ Village Revolving Fund Project (VRFP) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၁၇) ရွာသို့ စီမံကိန်းရန်ပုံငွေ သိန်း (၄၀၀၀) အား လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

စီမံကိန်းရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက အမှာ စကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ကိုဗစ်-၁၉ ရောဂါ ကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများဖြစ်ပေါ်နေပြီး တောင်သူများ၊ အသေးစားစီးပွားရေးလုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် Village Revolving Fund Project (VRFP) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စီမံကိန်းရန်ပုံငွေများပေးအပ်ရာတွင် ကျေးရွာအတွင်းရှိ အိမ်ခြေအနည်းအများအလိုက် ရန်ပုံငွေများကို ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စိုးဝတ်ရည်မောင်နှင့် တာဝန်ရှိသူတို့က မြို့နယ်အတွင်းရှိ Village Revolving Fund Project (VRFP)စီမံကိန်းဆောင်ရွက် မည့်ကျေးရွာများမှ ကော်မတီဝင်များအား ရန်ပုံငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် Village Revolving Fund Project (VRFP) စီမံကိန်းကို ဖိုးပျော်တော၊ အိုးအိုင့်ကုန်း၊ ကြိုးစု၊ အိုင့်ကုန်း၊ သဘွတ်ကုန်း၊ ဆူးရစ်တန်း၊ လက်ပံ့အိုင့်၊ ရွာသစ်၊ ဖက်တော၊ ဝါးရုံစု၊ ဥသျှစ်ကုန်း၊ အုတ်ဖို၊ ကန်နီအရှေ့၊ ကံခြား မြောက်၊ ထနောင်းပင်တဲ၊ သံဘို၊ ဂွေးတောက်ကန်ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)