မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ ဇူလိုင် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုး က ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေမှု၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိ အောင်ဆောင်ရွက်ရေး၊ နေအိမ်ပြင်ပထွက်သွားလာသူများအား နှာခေါင်စည်းများ စနစ်တကျတပ်ဆင်သွားလာရေး၊ ဈေးရောင်း/ဈေးဝယ်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီလိုက်နာဆောင်ရွက်ရေး၊ ပြည်ပမှနေရပ် ပြန်ပြည်သူများ ရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရေး၊ မိုင်းတုံမြို့အဝင်၊ အထွက်ဂိတ်များတွင်ဌာန ဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအမှာစကား ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုး က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်