ပင်လုံမြို့ မြို့မဈေးအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက် အသိပညာပေးကွင်းဆင်း စစ်ဆေး

ပင်လုံ ဇူလှိုင် ၇

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစပ်ပြန့်ပွားမှု တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေသည်ဟု သုံးသပ်ရပြီးမျိုးရိုးဗီဇပြောင်းလဲလာသော ရောဂါပိုး ကူးစက်ဝင်ရောက်ပျံ့နှံမှုရှိနေ ကြောင်းဓါတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသဖြင့် ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်သွားရန်ရည်ရွယ်၍ ပင်လုံမြို့ဈေးအတွင်း လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနနှင့် ပင်လုံမြို့ ဈေးကော်မတီဝင်များပူးပေါင်း၍ စည်ပင်သာရေးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအားလိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ ယမန်နေ့မှစတင်၍ နေ့စဉ် ကွင်းဆင်းစစ်ဆေးအသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါညွှန်ကြားချက်တွင် ပင်လုံမြို့မဈေးအတွင်း သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပန်း၊ ဆေးဝါးနှင့် နေ့စဉ်မရှိမဖြစ်အသုံးလိုသော စားသောက်ကုန်ပစ္စည်းများကို ရောင်းချသည့်ဆိုင်များသာ ဖွင့်လှစ်ရန်နှင့် အခြားကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များ၊ အခြားမြို့နယ်များမှ လာရောက်ရောင်းချမှုများအား ယာယီပိတ်ထားကြောင်း၊ စားသောက်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချရန်၊ ဈေးအတွင်းခွင့်ပြုထားသော ဆိုင်များဖွင့်လှစ်ရောင်းချရာတွင် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား အထူးတိကျစွာ လိုက်နာဆောင်ရွက်ရန်၊ ဈေးရောင်းသူ/ဝယ်သူများ အနေဖြင့် နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ရန်တို့ကို တိကျစွာလိုက်နာ ဆောင်ရွက်ရန်တို့ပါဝင်ကြောင်း သိရသည်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၉-၇-၂၀၂၁ ရက်နေ့မှစ၍ ဒဏ်ငွေတပ်ရိုက်ခြင်း၊ ဆိုင်ပိတ်သိမ်းစေခြင်းနှင့် ဈေးသူ/သားများ နှာခေါငးစည်း (Mask)တပ်ဆင်ခြင်း မရှိပါက ဒဏ်ငွေ(၂၀၀)ကျပ် တပ်ရိုက်ခြင်း၊ ဈေးရောင်းချခွင့်မပြုခြင်းစသည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)