ဆီဆိုင် ဇူလိုင် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားလာမှုမရှိစေရေးအတွက် ဆီဆိုင်မြို့ အဝင်ပေါက်၌ ဝင်/ထွက်သွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးလုပ်ငန်းများကို နေ့စဉ်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေ့အလိုက်တာဝန်ကျ ဌာနဆိုင်ရာအကြီးအကဲမှ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်လျက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မိုးခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့အဝင်ဂိတ်တွင် ဖြတ်သန်းသွားလာကြသည့် ရဟန်းရှင်လူမိဘပြည်သူများအား အပြင်ထွက်ပါက မဖြစ်မနေ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီး သွားလာကြစေရေးနှင့် အိမ်ပြန်ရောက်ပါက လက်ကိုမကြာခဏဆေးကြောပေးရေး စသည်များကို အသိပညာပေးပြောကြားပြီး၊ လက်ဆေးကန်တွင် စနစ်တကျလက်ဆေးစေခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုစနစ်တကျ ဆေးကြောပေးခြင်း၊ ကိုယ်အပူချိန်များတိုင်းတာ စစ်ဆေးပေးခြင်း၊ ရပ်ဝေးမှဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျမှတ်တမ်းရယူခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်လာခြင်းမရှိသော သူများအား ကိုယ်တိုင်ဝယ်ယူတပ်ဆင်စေသောစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆီဆိုင်မြို့အဝင်ပေါက်တွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ နေ့စဉ်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်ရဲထွေး