နမ့်စန်(တ) ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့မဈေးရှိ ပျံကျဈေးသည်များနှင့် ကုန်စိမ်းဈေးသည်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းဝယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးပညာပေးခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ က မြို့မဈေးအပြင်ဘက်တွင် ရောင်းချနေသော ပျံကျဈေးသည်များနှင့် ကုန်စိမ်းဈေးသည်များကို မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ လက်ရှိဖြစ်ပွားနေမှုအခြေအနေနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရန် ပြည်သူများ လိုက်နာရမည့်အချက်များကို အသိပေးကြေငြာခြင်း၊ Mask တပ်ဆင်ပြီး ဈေးရောင်း ဈေးဝယ်ဆောင်ရွက်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ရေးတို့ကို ပြောကြား၍ ပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။