နမ့်ဆန်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာစိစစ်ခြင်း အခမ်းအနားပြုလုပ်

နမ့်ဆန်    ဩဂုတ် ၁၁

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒအသီးသီး၌ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းလွှာ စိစစ်ခြင်းအခမ်းအနားကို ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ယနေ့နံနက် (၁၀)နာရီက ဒေသဦးစီးအစည်း အဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌ ဦးစံအောင် က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို  ဒီမိုကရေစီ နည်းလမ်းကျစွာဖြင့် လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပသွားမှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း မိမိဒေသ အကျိုးအတွက်ကို လည်းကောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ကို လည်းကောင်း ရွေးကောက်ပွဲကော်မရှင်၏ စည်းမျဉ်းနှင့်အညီ တရားနည်းလမ်းကျစွာ ဝင်ရောက်ယှဉ်ပြိုင်ရေးကို ဆွေးနွေးပြောကြားသည်။ ထို့နောက်  တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများတို့က မိမိတို့ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အမတ်နေရာ၊ မဲဆန္ဒနယ်အမှတ်နှင့် မိမိတို့၏ အမည်များကို မိတ်ဆက်ပေးခဲ့ကြသည်။ ယင်းနောက် ဒေသရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ  အတွင်းရေးမှူး ဦးတင်ထွဋ်နှင့် ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့က ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ် မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများနှင့် သတ်မှတ်ပုံစံ အမည်စာရင်း တင်သွင်းလွှာများကို လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်း စီအား စိစစ်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ် တို့ရှိ မဲဆန္ဒနယ် အသီးသီးမှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် နမ့်ဆန်မြို့နယ်(၄)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင် (၄)ဦး၊ မန်တုံမြို့နယ်(၃)ဦး၊ ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁) နေရာတွင် နမ့်ဆန်မြို့နယ်(၅)ဦး၊ မန်တုံမြို့နယ်(၃)ဦး၊ ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) နေရာတွင် နမ့်ဆန်မြို့နယ်(၃)ဦး၊ မန်တုံမြို့နယ်(၅)ဦး အသီးသီးပါဝင်၍ အမည်စာရင်း တင်သွင်းလွှာများ စိစစ်လျက်ရှိကြောင်း သိရသည်။ အမည်စာရင်းတင်သွင်းသည့်  ပါတီများ ကတော့ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)၊ နှင့် တစ်သီးပုဂ္ဂလ တို့ဖြစ်ကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)