ရန်ကုန် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံခြင်းမှ ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တာမွေမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က " ကိုဗစ်-၁၉ရောဂါသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ တစ်ဝှမ်းလုံးတွင် ၂၀၂၁-ခုနှစ် မတ်လနှင့် ဧပြီလများအတွင်း ကူးစက်မှုနှုန်း သိသိသာသာ မြင့်မားလာခဲ့ပါကြောင်း၊ ဒါ့ကြောင့် မိမိတို့ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မိမိတို့အနေနဲ့ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ တာမွေမြို့နယ်အတွင်းသို့ ဝင်ရောက်လာတဲ့ ပြည်သူများအား သတ်မှတ်ထားသော နေရာများတွင် အသွားအလာ ကန့်သတ်ထားရှိ၍ ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တာမွမြို့နယ် ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးဝင်းအတွင်းရှိ (၇)ထပ်ဆောင်တွင်လည်း Community Based Facilities Quarantine Centre ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် သက်ဆိုင်ရာဌာနများ အနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၀)တွင် လမ်းများအလိုက် အသံချဲ့စက်များဖြင့် စဉ်ဆက်မပြတ် လိုက်လံ အသိပေးနှိုးဆော်ကြဖို့ တိုက်တွန်းချင်ပါကြောင်း " စသည်ဖြင့် ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများကလည်း မြို့နယ်အတွင်း ၎င်းတို့အနေဖြင့် ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ပတ်သက်သည့် ကိစ္စရပ်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်