တောင်ဥက္ကလာပ ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး ကြိုတင်ကာကွယ်မှုအနေဖြင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင် အသုံးပြုသည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်ကာ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်လမ်းညွှန်ဆောင်ရွက်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာဈေးကြီးများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် နန္ဒဝန်ဈေးနှင့် ပဒေသာဈေးကြီးများအတွင်း၌ ဈေးဆိုင်များ ဖွင့်လှစ် ရောင်းချနေကြသော ဈေးသူ၊ ဈေးသားများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချကြရန်၊ ဈေးအဝင်အထွက်နေရာများ၌ လက်ဆေးကြောရန် နေရာများ စနစ်တကျထားရှိအသုံးပြုစေရေး၊ ဈေးအတွင်းသို့ လာရောက် ဝယ်ယူကြသော ဈေးရောင်း၊ ဈေးဝယ်သူများအနေဖြင့် ဈေးဝယ်ရာတွင် ပါးစပ်နှာခေါင်းစည်း(Mask)များ တပ်ဆင် အသုံးပြုသွားလာကြရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများမှ အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နန္ဒဝန်ဈေးနှင့် ပဒေသာဈေးကြီးများ အတွင်းရှိ ဟင်းသီးဟင်းရွက်၊ အလှကုန်၊ သစ်သီတန်းနှင့် ကုန်စုံဆိုင်များဖွင့်လှစ် ရောင်းနေကြသည့် ဈေးဆိုင်တန်းများ၊ ဈေးသို့ လာရောက်ကြသူများအား အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်၊ လက်ကိုစက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေး ကြောပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်ကြရန်နှင့် နှာခေါင်းစည်း Mask မပါရှိသူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် (Mask)များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခင်ဆွေနှင်း