မိုင်းဖြတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးစျေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များသို့ အသိပညာပေး ဆောင်ရွက်

မိုင်းဖြတ် ဇူလိုင် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ခြင်းနှင့် ကုသရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉နာရီခွဲအချိန်ခန့် က မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများသည် မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်များနှင့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များသို့ အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်း၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်နှင့် တာဝန်ရှိသူများက လက်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စျေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် မြို့မစျေးအတွင်း စားသောက်ကုန်နှင့် ဆေးဝါးများ ရောင်းချသည့် ဆိုင်များမှအပ ဇူလိုင်လ ၈ရက် နေ့မှစ၍ ယာယီပိတ်ထားနိုင်ရေး လိုက်လံရှင်းလင်း အသိပညာပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်မပြုတော့ဘဲ Take-away (ပါဆယ်စနစ်)ဖြင့်သာ ရောင်းချ နိုင်ရေးတို့ကို လိုက်လံအသိပညာပေး ရှင်းလင်းခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့မစျေးများအတွင်းရှိ စားသောက်ကုန်နှင့် ဆေးဝါးဆိုင် များမှအပ ကျန်စျေးဆိုင်များကို ဇွန်လ ၈ရက်နေ့မှစ၍ ယာယီပိတ်ထားမည်ဖြစ်သော်လည်း၊ ဒေသတွင်း အခြေအနေများပေါ်မူတည်၍ အဆိုပါ ယာယီပိတ်ထားသည့် စျေးဆိုင်များ အရောင်း အဝယ်အဆင်ပြေစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ယာယီပျံကျစျေးဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး