ဆီဆိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြု

ဆီဆိုင် ဇူလိုင် ၇

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန် ညွှန်ကြားထားကြောင်း ယမန်နေ့ က မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ယခုမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေမှ မျိုးရိုးဗီဇပြောင်းကူး စက်ရောဂါပိုး ဝင်ရောက်ပျံ့နှံ့နေမှုကြောင့် ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်းနှင့် ကုသခြင်း လုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင် ၆ ရက်နေ့မှစ၍ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်ထံမှ သိရသည်။

ထို့အပြင် ဆီဆိုင်မြို့နယ်အတွင်းရှိ ဈေးများအတွင်း စားသောက်ကုန်နှင့် ဆေးဝါးများ ရောင်းချသည့် ဆိုင်မှအပ ကျန်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်း၊ အခြားမြို့နယ်ပြင်ပမှ လာရောက်ဈေးရောင်းချခြင်းကိုလည်း ခွင့်မပြုကြောင်း ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်ထံမှ သိရသည်။

ခွန်ရဲထွေး