ကျိုင်းတုံ ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းကို ကျိုင်းတုံမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၈နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက မွေးစမှ အသက် (၁)နှစ်ခွဲအောက် ကလေးငယ်များအား ပြင်းထန်တီဘီရောဂါ၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ အသည်းရောင် အသားဝါ (ဘီ)ရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကာကွယ်ရန်အတွက် အသက်အရွယ် အပိုင်းအခြားအလိုက် စုစုပေါင်း (၇၀)ဦးအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများထိုးနှံ တိုက်ကျွေးပေးခဲ့သည်။
ထို့အပြင် ကာကွယ်ဆေးလာရောက်ထိုးနှံတိုက်ကျွေးကြသည့် မိခင်များအား မိမိတို့မွေးဖွားလာသည့် ကလေးငယ်များကို ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးနှံပေးရန်၊ ၂၄ နာရီအတွင်း မထိုးပေးနိုင်ပါက (၇) ရက်အတွင်း ထိုးနှံပေးနိုင်ကြောင်း၊ ဘီစီဂျီကာကွယ်ဆေးကို မွေးစတွင်မထိုးနိုင်ပါက အသက် (၂)လမတိုင်မီတွင် (သို့မဟုတ်) အသက် (၂)လတွင် အခြားကာကွယ်ဆေးများနှင့်အတူ ထိုးနှံရမည်ဖြစ်ကြောင်း စသည်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။
ရဲထက်ဦး