ရွာငံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ရွာငံ ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ပြည်သူများ လက်တလောဖြစ်ပေါ်လျှက်ရှိသည့် ကူးစက်မြန် ကိုဗစ်−၁၉ ရောဂါ ပြန့်ပွားမှုမဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ယနေ့နံနက် (၈)နာရီ က ဗထူးခန်းမရှေ့ရှိ ပြည်ထောင်စုလမ်းမ ကြီးပေါ်တွင် Mask Campaign နှင့် အဆိုပါရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ကို ရွာငံမြို့ ပြည်ထောင်စုလမ်းမပေါ်တွင် ဖြတ်သန်းသွားလာ လှုပ်ရှားလျက်ရှိသော အများပြည်သူတို့အား နှာခေါင်းစည်းတပ်ဆင်ထားခြင်း မရှိကြသူများနှင့် နှာခေါင်းစည်းအဟောင်း တပ်ဆင်ထားသူများကို အသစ်လှဲလှယ်ပေးခြင်း၊ နှာခေါင်းစည်းများ စနစ် တကျအသုံးပြုနိုင်ရေးနှင့် ကိုဗစ်−၁၉ ဆိုင်ရာ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြစေရန် အသိပညာပေးခြင်း၊ ဟောပြောခြင်း၊ ချက်ချင်းတပ်ဆင် အသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အဆိုပါအဖွဲ့သည် ရွာငံမြို့မစျေးတွင် စျေးရောင်း/ဝယ် စျေးလာပြည်သူများအား Maskများ စနစ်တကျတပ်ဆင်အသုံးပြု၍ ရောင်းဝယ်ကြရန်နှင့် Mask လိုအပ်သူများအား နှာခေါင်းစည်း(၁၀၀၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း