မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အဆင့်လုပ်ငန်းကော်မ တီဝင်များ တွေ့ဆုံညှိနှိုင်း

 

ရန်ကုန် ဇူလိုင် ၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မြင့်တက်လာသည့် အတွက် ပြည်သူများ ရောဂါကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီအချိန်က သိမ်ဖြူလက်ဝှေ့ရုံ Community Based Facility Quarantine Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဦးတင်မျိုးအောင်က မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ကျန်းမာရေးအသိပညာပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း၊ Community Based Facility Quarantine Centre များတွင် လိုအပ်သည့် အခန်းကဏ္ဍများအလိုက် မြို့နယ်အဆင့် လုပ်ငန်းကော်မတီဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ရပ်ကွက်များ အလိုက် ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားနေသည့်ရပ်ကွက်များကို Stay at Home အဖြစ်သတ်မှတ်ပြီး လိုအပ်သည့် လုပ်ငန်းစဉ်များကို ချမှတ်လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းနှင့် စာသင်ကျောင်းများတွင် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းစဥ်များအလိုက် ဆောင်ရွက်သွားကြမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဇူလိုင်လ (၆) ရက်နေ့အထိ  ကိုဗစ်-၁၉ ကူးစက်ခံရသူ (၁၀၁) ဦးရှိခဲ့ပြီး အဆိုပါရောဂါကြောင့် သေဆုံးသူ (၆) ဦးရှိပြီဖြစ်ကြောင်းလည်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ချစ်စုဝေ