မန္တလေးမြို့ နဒီမြန်မာဟိုတယ်အား Test & Care Center အဖြစ် ကိုဗစ်-၁၉ သံသယလူနာများအား ရောဂါပိုး ရှိ မရှိ စစ်ဆေးပေး

မန္တလေး ဇူလိုင် ၇

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂လမ်း ၃၇×၃၈လမ်းကြားရှိ နဒီမြန်မာဟိုတယ်အား Test & Care Center အဖြစ်ထားရှိကာ ကိုဗစ်-၁၉ သံသယလူနာများအား ယမန် နေ့မှစတင်ကာ စစ်ဆေးဆောင်ရွက်ပေးလျှက်ရှိပြီး အဆိုပါ နေ့၌ပင် သံသယလူနာ (၁၁၀)ဦးအား စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။

နဒီမြန်မာဟိုတယ် Test & Care Center တွင် ကိုဗစ်-၁၉ စစ်ဆေးမှု ခံယူလိုပါက မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးသို့ ဦးစွာပြသရမည်ဖြစ်ကာ ဆေးရုံးကြီး၏ လွှဲအပ်မှုအရ လူနာမှ စာရင်းပေးသွင်းပြီး စစ်ဆေးမှုခံယူနိုင်ကြောင်း ရောဂါပိုး ရှိ၊ မရှိစစ်ဆေးခြင်းကို နံနက် (၉)နာရီ မှ ညနေ (၄)နာရီအတွင်း လူနာ (၆၀)ဦးခန့်အား စစ်ဆေးပေးသွားမည်ဖြစ်ကာ ရောဂါပိုးတွေ့ရှိပါက သက်ဆိုင်ရာဆေးရုံများသို့ ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ပေးသွားမည် ဖြစ်သည်။ ယမန်နေ့က နဒီမြန်မာဟိုတယ် Test & Care Centerတွင် မဟာအောင်မြေမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာချောချောနိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါပိုး သံသယလူနာ (၁၁၀)ဦးအား ရောဂါပိုး ရှိ မရှိ စစ်ဆေးပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ ကျား (၁၉)ဦး ၊ မ(၂၃)ဦး စုစုပေါင်း (၄၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကာ ရောဂါပိုးတွေ့ရှိခဲ့သည့် လူနာများကို ကုတင်(၅၀၀) အရိုးအထူးကုဆေးရုံကြီးသို့ (၄၀)ဦး၊ မန္တလေးအထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့(၁)ဦးနှင့် အလုပ်သမားဆေးရုံ ကြီးသို့ (၁)ဦး ဆေးကုသမှုခံယူရန် အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်