နမ္မတူ ဇူလိုင် ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးမှ ပြန်လာသည့် အမျိုးသားတစ်ဦး၌ ယမန်နေ့ က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာမှာ အမျိုးသားတစ်ဦးဖြစ်ပြီး နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာတွင် နေထိုင်သူဖြစ်ကာ ဇူလိုင်လ (၆)ရက်နေ့တွင် Stay at Home သတ်မှတ်ထားသည့် မန္တလေးမြို့နယ်မှ နမ္မတူမြို့နယ်သို့ မော်တော်ကားဖြင့် လာရောက်ခဲ့သဖြင့် နမ္မတူမြို့နယ် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့သည်။
၎င်းပိုးတွေ့လူနာနှင့်အတူ လိုက်ပါလာသော အမျိုးသား (၃)ဦးအား RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့သဖြင့် နမ္မတူရပ်ကွက်ရှိ အမှတ်(၁) အခြေခံသတ္တုတွင်းလုပ်ငန်းခွင်သင်တန်းကျောင်း စောင့်ကြည့်စခန်း၌ စောင့်ကြည့်ထားရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသော ပိုးတွေ့လူနာအား မြို့နယ်ပြည်သူ့ဆေးရုံ (Isolation Ward) သို့ ပြောင်းရွှေ့ကာ သီးသန့်ထားရှိ ဆေးကုသပေးလျက်ရှိပြီး ပိုးတွေ့လူနာမှာ ယခုအချိန်ထိ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၅)ဦးရှိပြီဖြစ်ပြီး၊ (၅)ဦးဆေးရုံဆင်းခွင့်ရရှိကာ၊ (၁)ဦးသေဆုံးခဲ့ပြီး၊ (၉)ဦးမှာ ပြည့်သူ့ဆေးရုံ သီးသန့်ဆောင်၌ ဆေးကုသလျက်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။
လူမော်