မိုးညှင်း ဇူလိုင် ၇
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့စည်ပင်သာယာစျေး၊ ယာယီပျံကျ စျေးနှင့် နန်းသာယာ နံနက်စျေးတို့တွင် စျေးရောင်း/စျေးဝယ်ကြသည့်ပြည်သူ များနှင့် လမ်းသွားလမ်းလာကြ သည့်ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်(၆)နာရီခန့်က ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လတ်တလောဖြစ်ပွားနေသည့် အသက်ရှူလမ်း ကြောင်း ဆိုင်ရာ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အတွက် လူစည်ကားရာနေရာများဖြစ်သည့် စည်ပင်သာယာစျေး၊ ယာယီပျံကျစျေးနှင့် နန်းသာယာနံနက်စျေးတို့၌ စျေးရောင်း/စျေးဝယ်ကြသည့် ပြည်သူများနှင့် လမ်းသွားလမ်းလာကြသည့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ပါက မဖြစ်မနေ နှာခေါင်းစည်း(Mask)များတပ်ဆင်ရန်၊ ဆောင်ရန်/ရှောင်ရန်အချက်များကို နန်းမားမြို့ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ၊ ကြက်ခြေနီတပ်ခွဲမှူးဦးတင်ဦး ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ဒေသခံပြည်သူများမှ လှူဒါန်းသော နှာခေါင်းစည်း(Mask) အခုရေ(၁၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ဒေသခံတာဝန်ရှိသူများက တစ်ပတ်လျှင် နှစ်ကြိမ် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။