ဟိုပင် ဇူလိုင် ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ယနေ့နံနက် ၁နာရီခွဲကျော်က ဟိုပင်မြို့ မြဇေယျာရပ်ကွက်၌ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဟိုပင်မြို့ မြဇေယျာရပ်ကွက် နယ်မြေ(၁) မှ စတိုးဆိုင်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာပြီး လျှပ်စစ်ဝါယာရှော့ဖြစ်၍ မီးစတင်လောင် ကျွမ်းခဲ့ကြောင်းသိရသည်။ မီးလောင်ရာသို့ ဟိုပင်နယ်မြေ မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးသိန်းကျော်နှင့်အဖွဲ့က မီးသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၂) စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အလျား ၃၀ပေ× အနံ ၃၀ပေ အုတ်ညှပ်၊ လူနေအိမ် သွပ်မိုး တစ်ထပ်နှင့် အလျား ၄၅ပေ× အနံ ၃၀ပေ အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း နှစ်ထပ်အိမ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် စတိုးဆိုင်ပိုင်ရှင်အား ဟိုပင်နယ်မြေ ရဲစခန်းမှ အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။
တိုးတိုးမေ−ဟိုပင်
