ဗန်းမော်မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စတင်စိစစ်

ဗန်းမော်       ဩဂုတ်   ၁၁

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ စိစစ်ခြင်းကို ယမန်နေ့နံနက်(၁ဝ)နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စတင်စိစစ်ခြင်းဖြစ်ပြီး ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပါတီ(၈)ခုမှ ကိုယ်စားလှယ်လောင်း(၈)ဦး၊ မိုးမောက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ပါတီ(၈)ခုမှ ကိုယ်စားလှယ်လောင်း(၈)ဦး၊ မန်စီမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် ပါတီ(၇)ခုမှ ကိုယ်စားလှယ်လောင်း(၇)ဦးနှင့် ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် ပါတီ(၇)ခုမှ ကိုယ်စားလှယ်လောင်း(၇)ဦး တို့ကို ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနန်ဒူနှင့်အဖွဲ့ဝင်များက စိစစ်မေးမြန်းခဲ့ကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်လောင်းများအား ကိုယ်စားလောင်းအချင်းချင်း ကန့်ကွက်လိုမှု ရှိ/မရှိ မေးမြန်းအတည်ပြုခဲ့သည်။

ကန့်ကွက်သူတစ်ဦးတစ်ယောက်မျှမရှိသည့် အတွက် ယနေ့တင်သွင်းသည့် ကိုယ်စားလှယ်ကို မှတ်ယူထားရှိပြီး ဩဂုတ်လ(၁၇)ရက်နေ့ နောက်ပိုင်းမှ စတင်၍ သက်ဆိုင်ရာမဲဆန္ဒနယ်ရှိ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲမဲရုံများတွင် ပြည်သူများသိရှိနိုင်ရန် ကြေညာပေးသွားမည်ဖြစ်သည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စိစစ်ဆောင်ရွက်ခြင်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၂၃)ဦးကို ဩဂုတ်လ(၁၂)ရက်နေ့တွင် လည်းကောင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၃ဝ)ဦးကို ဩဂုတ်(၁၃)ရက် နေ့တွင် လည်းကောင်း၊  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် လောင်း(၃ဝ)ဦးကို ဩဂုတ်(၁၄)ရက်နေ့ တွင် လည်းကောင်း အသီးသီးစိစစ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။    

ကိန်းဖြူ(ပြန်/ဆက်)