တာလေ ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား Td ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းများကို ယမန်နေ့နံနက်ပိုင်းက နားယောင်းကျေးရွာအုပ်စုရှိ ပါနော့ဟောင်းကျေးရွာနှင့် ပူဟိုမိန်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ပုံမှန်ကာကွယ်ဆေးထိုးနှံရန် လာရောက်ပို့ဆောင်ကြသည့် ကလေးမိခင်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေပြီး ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား Td ကာကွယ်ဆေးထိုးနှံပေးခြင်းကို ညွှန်ကြားချက်များနှင့်အညီ စနစ်တကျဖြစ်စေရန် ကလေးငယ်(၃၀)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၂)ဦးတို့ကို တာလေမြို့ တိုက်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဒေါ်နန်းစိန်ဦး က အနီးကပ်ကြီးကြပ်၍ သားဖွားဆရာမ ဒေါ်နန်းဝိုးတစ် နှင့် ကျန်းမာရေးကြီးကြပ်-၂ ဒေါ်မျိုးမျိုးထွန်းတို့က ကာကွယ်ဆေးများ ထိုးနှံပေးကြကြောင်း ” သိရသည်။
“အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်း ပိုလီယိုကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်တွင် ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုး၊ BCG ကာကွယ် ဆေး၊ PCV ငါးမျိုးစပ် ကာကွယ်ဆေး၊ Penta ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ OPV ပိုလီယိုအစက်ချကာကွယ်ဆေးထိုးခြင်း၊ အစက်ချကာကွယ်ဆေး တိုက်ကျွေးခြင်းများအပြင် ကိုယ်ဝန်ဆောင်မိခင်များအား Td ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း” တိုက်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းစိန်ဦးထံမှ သိရသည်။
တာလေ (ပြန်/ဆက်)