ပင်းတယမြို့၌ အစားအသောက်ပြုလုပ်ရောင်းချသည့်ဆိုင်များအားလုံး (Take-away) ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန်ကြေညာချက်ထုတ်ပြန်

ပင်းတယ ဇူလိုင် ၆

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု့ရောဂါ တတိယလှိုင်းအသွင် စတင် ဖြစ်ပွား နေပြီဟု သုံးသပ်ရပြီး မျိုးရိုးဗီဇပြောင်းလဲလာသော ရောဂါပိုး (ကူးစက်ပိုး) ဝင်ရောက်ပြန့်နှံ့မှု ရှိနေခြင်းကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသဖြင့် ရောဂါ ထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း လုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်သွားရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စီမံ အုပ်ချုပ်ရေးကောင်စီ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့်တာဝန်ရှိသူများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

ပင်းတယမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၁၂)ဦးရှိပြီး၊ သေဆုံးသူ (၂) ဦးရှိခဲ့ပြီဖြစ်ရာ ဒေသအတွင်းကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်နှံ့မှုကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ အစားအသောက်ပြုလုပ်ရောင်းချသည့် ဆိုင်များ အားလုံး ( Take –away) ပါဆယ်စနစ်ဖြင့်သာရောင်းချသွားရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဇူလိုင်လ(၆) ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

အထက်ပါညွှန်ကြားချက်အတိုင်း လိုက်နာခြင်းရှိ/မရှိကို သက်ဆိုင်ရာမှကွင်းဆင်း စစ်ဆေး သွားမည်ဖြစ်ပြီး ကွင်းဆင်းစစ်ဆေးရာတွင် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း မရှိသောဆိုင်များအား ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေအရသော်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအရသော်လည်းကောင်း ထိရောက်စွာအရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)