ပင်လောင်း ဇူလိုင် ၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ပြုလုပ်ထားသူများကို ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ နာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာ (PCR) အား ယနေ့ နံနက်ပိုင်းတွင် ရယူစစ်ဆေးပေးနိုင်ရန် ဆောင်ရွက်ခဲ့သည်။
အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူများ၊ နေရပ်ပြန်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ နာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာ (PCR)အား ရယူဆောင်ရွက်ရာ၌ ပင်လောင်းမြို့တွင် ၅၆ ဦး၊ ပေါင်းလောင်း မြို့တွင် တစ်ဦး၊ နောင်တရားမြို့တွင် ၁၉ ဦး၊ တီကျစ်တွင် ၃၇ ဦး စုစုပေါင်း ၁၁၃ ဦး၏ နာခေါင်းနှင့် အာခေါင်တို့ဖတ်ကို ရယူ၍ စစ်ဆေးမှု ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ဇူလိုင် ၅ ရက်နေ့က အတည်ပြုလူနာ တီကျစ်အလယ်ပိုင်းတွင် သုံးဦး၊ ဇူလိုင် ၆ ရက်နေ့က ပင်လောင်းမြို့ ဈေးတန်းရပ်ကွက်တွင် တစ်ဦး၊ အနောက်ရပ်ကွက်တွင် တစ်ဦး ထပ်မံတွေ့ရှိပြီး ပင်လောင်းမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၃၆ ဦး ရှိပြီဖြစ်ကြောင်း၊ အဆိုပါ အတည်ပြုလူနာများကို ပင်လောင်းမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်နှင့် တီကျစ်တိုက်နယ် ဆေးရုံ သီးသန့်ဆောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးထားပြီး အတည်ပြုလူနာ များနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ရာ နေရာများ၌ ကျန်းမာရေးစောင့်ရှောက်ထားရှိမည်ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ်သူများကိုလည်း ထပ်မံ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)