နမ္မတူမြို့နယ်တွင် အမျိုးသမီး နှစ်ဦး၌ ကိုဗစ်-၁၉ပိုးတွေ့ရှိ

နမ္မတူ ဇူလိုင် ၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ခရီးသွားရာဇဝင် မရှိသော အမျိုးသမီးနှစ်ဦး၌ ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသမီး နှစ်ဦးမှာ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်၊ နယ်မြေ (၄)တွင် နေထိုင်သည့် အသက် (၂၆)နှစ်အရွယ်အမျိုးသမီး တစ်ဦးနှင့်၊ ပန်ဟိုက်ရပ်ကွက် နယ်မြေ (၂)တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးတို့ဖြစ်သည်။

၎င်းအမျိုးသမီး နှစ်ဦးမှာ နေမကောင်းသဖြင့် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသ ခဲ့သဖြင့် RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့သောကြောင့် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ သီးသန့်ထားရှိကုသပေးလျက်ရှိသည်။

သို့ဖြစ်ပါ၍ အသက် (၂၆)နှစ်အရွယ်ပိုးတွေ့လူနာနှင့်အတူ မိသားစုဝင် (၃)ဦးနေထိုင်ခဲ့သော နမ္မတူရပ်ကွက် နယ်မြေ (၄)ရှိ နေအိမ်နှင့် အသက် (၃၇)နှစ်အရွယ် ပိုးတွေ့လူနာနှင့်အတူ မိသားစုဝင် (၄)ဦးနေထိုင်ခဲ့သော ပန်ဟိုက်ရပ်ကွက်၊ နယ်မြေ(၂)ရှိ နေအိမ်တို့အား (Home Quarantine) ဆောင်ရွက်ထားရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၄)ဦးရှိပြီဖြစ်ပြီး၊ (၃)ဦးဆေးရုံဆင်းခွင့်ရရှိကာ၊ (၁)ဦးသေဆုံးခဲ့ပြီး၊ (၁၀)ဦးမှာ ပြည့်သူ့ဆေးရုံ သီးသန့်ဆောင်၌ ဆေးကုသလျက်ရှိကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရှိရသည်။

လူမော်