ရန်ကုန် ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေးအတွက် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ မုဒိတာ(၂)တွင် အမျိုးသားတစ်ဦး နှလုံးရောဂါအခံဖြင့် အမောဖောက်လာသဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းခံခြင်းနှင့် ပိတောက်လမ်း၊ သဲကွင်း ကျူးကျော်နေ အမျိုးသား တစ်ဦး ရင်ဘက်အောင့်သဖြင့် ဆေးရုံပို့ပေးရန် အကူအညီတောင်း ခံလာသဖြင့် ယမန်နေ့ က ကြက်ခြေနီအသင်း(အင်းစိန်) ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့လုပ်အား ရှင်များက လူနာတင်ယာဉ်ကား(၂)စီးဖြင့် အချိန်နှင့် တစ်ပြေးညီ အဆိုပါဖြစ်ပွားသည့် နေရာများသို့ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံသို့ အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက် ကြက်ခြေ နီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား (၂)စီးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေး စောင့်ရှောက်မှုပေး လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို