တောင်ဥက္ကလာပ ဇူလိုင် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်အမျိုးသမီးကော်မတီ အစည်းအဝေး ကို ယမန်နေ့ နေလယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကော်မတီအနေဖြင့် အမျိုးသမီးများအတွက် လိုအပ်လျက်ရှိသော ဥပဒေများ၊ မူဝါဒများ၊ လမ်းညွှန်ချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်ကော်မတီအနေဖြင့်လည်း မြို့နယ်အတွင်းရှိ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးရေး၊ စီးပွာရေးဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် သက်ဆိုင်သော လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အရှေ့ပိုင်းခရိုင်လူမှု ဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းထွေးက ကော်မတီဖွဲ့စည်းမှု၊ ရည်ရွယ်ချက်၊ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်း အမျိုးသမီးအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးအတွက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပါက ပိုမို ထိရောက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း