တံတားဦး ဇူလိုင် ၆
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန တို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် (GAP)နည်းစနစ်ဖြင့် နှမ်းစိုက်ပျိုးခြင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က ဒေသခံ တောင်သူများသည် ဆီထွက်သီးနှံဖြစ်သည့် နှမ်းကိုအဓိက စိုက်ပျိုးကြကြောင်း၊ နှမ်းသီးနှံသည် ကုန်ကျစရိတ် သက်သာ၍ ဝင်ငွေများစွာရရှိပြီး မိသားစုစားဝတ်နေရေးကို အထောက်အကူပြုကြောင်း၊ မိမိတို့ဒေသမှ ထွက်ရှိသော နှမ်းဆီစစ်စစ်ကို စားသုံးရခြင်းကြောင့် ကျန်းမာရေးနှင့် ညီညွတ်ကြောင်း ပြောကြားပြီး ဆွေးနွေးပွဲ (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)ဆိုသည်မှာ မြေပြုပြင်စိုက်ပျိုး ထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ် ရောက်သည်အထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းတွင် စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက် ညစ်ညမ်းမှု များအနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်မှုများဖြစ်ပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်စဉ်၊ ရိတ်သိမ်းစဉ်၊ ကိုင်တွယ်ထုပ်ပိုးစဉ်၊ ထုတ်ကုန် ပစ္စည်းများတွင် ဘေးအန္တရာယ် ဖြစ်စေနိုင်သောအရာများ ကင်းရှင်းရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရေး၊ သီးနှံများ အရည်အသွေး ကောင်းမွန်စေရေးနှင့် လုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နေသော လုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် ဆောင်ရွက်သင့်သော စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ ဖြစ်ကြောင်း၊ နှမ်း၏အဓိကလုပ်ငန်းမှာ ရိတ်သိမ်းပြီးနှမ်းပုံ၍ မျိုးစေ့ရရန် နှမ်းခါသည့်အခါ လူကို ကင်ဆာရောဂါ ဖြစ်စေသည့် မှိုရောဂါနှင့် အက်စစ်ဓါတ်တို့ ထွက်ရှိသည့်အတွက် နှမ်းစည်းများ ပြုလုပ်ပြီး ထောင်နှမ်း ပြုလုပ်ပေးစေလိုကြောင်း နှမ်းတွင် (GAP)ဖြစ်စေရန် ထောင်နှမ်း ဆောင်ရွက်သင့်ပါကြောင်း တံတားဦး မြို့နယ်တွင် ၂၀၂၀-၂၀၂၁ခုနှစ် မိုးနှမ်းစိုက်ပျိုးရန် ဧကပေါင်း (၄၁၁၇၆)ဧက လျာထားပြီး ယနေ့အချိန်ထိ စိုက်ပျိုးပြီးစီးသည့် ဧကပေါင်းမှာ(၂၈၁၇၄)ဧကဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ရဲတင့်(တံတားဦး)