တမူးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

တမူး ဇူလိုင် ၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်စိုး နှင့်ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့မရပ်ကွက် အ.မ.က(၂) ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ရပ်ကွက်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသောသူများ၊ ပျောက်ဆုံး၊ ပျက်စီးသူများ၊ အိမ်ထောင်စု လူဦးရေစာရင်း တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းများနှင့် အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးနေမှု အခြေနေများအား တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင် နှင့်အဖွဲ့ဝင်များ၊ တမူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမင်းဆွေ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ကြည် နှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့သည်။

 

တမူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်း နှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် အပတ်စဉ် အလှည့်ကျဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဖိုးကျော်