မိတ္ထီလာတွင် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်သင်ကြား

 မိတ္ထီလာ၊ ဇူလိုင် ၆

မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံ အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့မှ စတင်၍ အဆိုပါကျောင်းတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ရာသီအလိုက်ထွက်ရှိသော သီးနှံများအား အရည်အသွေးကောင်းမွန်၍ သန့်ရှင်းပြီး အာဟာရဓါတ်ပြည့်ဝသည့် စားသောက်ကုန်ပစ္စည်း များ ထုတ်လုပ်လာနိုင်စေရန်၊ One Village One Product အဖြစ် ထုတ်ကုန်အမယ်သစ်များ ပေါ်ထွက်လာစေရန်၊ ပြည်သူများအနေဖြင့် မိမိတို့ဒေသထွက် သီးနှံများအား တာရှည်ခံစားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းဖြင့် မိသားစုဝင် ငွေတိုးပွားလာစေရန်နှင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် အထောက်အကူပြုစေရန် ၊ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာ ဥပဒေညွှန်ကြားချက်များကို သိရှိလာစေရန်နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအကြောင်းကို ပြည်သူများ သိရှိလာပြီး လုပ်ငန်းမှတ်ပုံတင်များတိုးပွားလာစေရန် ရည်ရွယ်၍ ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် သီးနှံ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် အစားအစာများတွင် ကျရောက်တက်သော ဘေးအန္တရာယ်များ၊ အစားအစာ များ ဘေးအန္တရာယ်ကင်းရှင်းရန် လိုအပ်ချက်များ၊ သစ်သီးများ ပျက်စီးရခြင်း အကြောင်းအရင်းများ၊ သစ်သီးဖျော်ရည်မျိုးစုံထုတ်လုပ်နည်း၊ သစ်သီးယိုမျိုးစုံထုတ်လုပ်နည်း၊ သစ်သီးအခြောက် ပြုလုပ်နည်း၊ သစ်သီးဆော့(စ်) သစ်သီးဂျမ်ပြုလုပ်နည်း၊ ဂျယ်လီအမျိုးမျိုးပြုလုပ်နည်း၊ Crepe ပြုလုပ်နည်း၊ ငါးမုန့်ကြော်၊ မြေပဲစာဥကြော်၊ အာလူးကြော်ပြုလုပ်နည်း၊ အစားအသောက်များ ဆိုင်ရာ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းရေး စသည့်ဘာသာရပ်များကို  ဇူလိုင်လ ၅ ရက်နေ့မှ ၁၁ရက်နေ့အထိ (၇)ရက်ကြာဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပြီး ၎င်းသင်တန်းကို သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်