ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၂)ဦး တွေ့ရှိထားပြီး ကြပ်မတ် ကုသဆောင်ရွက်ပေး

ဆိပ်ကြီးခနောင်တို ဇူလိုင် ၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ဇွန်လ ၃၀ ရက် နေ့မှစ၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ စတင်တွေ့ရှိခဲ့ပြီး ဇူလိုင် ၅ ရက်(ယမန်နေ့)တွင်လည်း (၅)ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ  ယခုအချိန်ထိ ရောဂါပိုးတွေ့ရှိသူ (၁၂)ဦးရှိပြီဖြစ်ကြောင်း မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ (အားကစားခန်းမ) တွင် ထားရှိ ကြပ်မတ်ကုသပေးလျက်ရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကို နေအိမ် တွင်(Home Quarantine) ထား၍ အသွားအလာ ကန့်သတ်စောင့်ကြည့်လျက်ရှိသည်။  ဆိပ်ကြီး ခနောင်တို မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့မှ  ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများက ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ