ရွှေပြည်သာမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်

ရွှေပြည်သာ ဇူလိုင်  ၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်မြတ်နှင်းနှင့် ဝန်ထမ်းများက မြို့နယ်တွင်းရှိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ဆေးရုံ၊ လှော်ကားကျန်းမာရေးဌာနနှင့် ဒေသန္တရ ဆေးခန်းများတွင် စတင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲ အထိ ကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာဗိုင်းရပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင်(ပီဗွီစီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အလိုက်    သက်ဆိုင်ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြောသေ ကာကွယ်ဆေးများ   တိုက်ကျွေးပေးခဲ့ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး အဆိုပါ ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ဇူလိုင်လ(၇)ရက်နေ့အထိ   ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 အေးမိုး