ကျောက်ပန်းတောင်း ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့က မွေးလူနာ(၆)ဦးအား မွေးဖွားပေးခဲ့ရာ၊ မွေးလူနာ(၃)ဦးမှာ နှစ်မွှာကလေးများ မွေးဖွားပေးခဲ့ကြောင်းသိရပြီး တစ်ရက်အတွင်း မိခင်(၆)ဦးမှ ကလေး(၉)ဦး မွေးဖွား နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်ဝင်းနိုင် ဦးဆောင်၍ တပ်မတော် ဆရာဝန်များဖြစ်သည့် ဒေါက်တာ ဖြိုးမြင့်ကျော်၊ ဒေါက်တာ အောင်သိန်းဦးနှင့် ဒေါက်တာ ဖြိုးလင်းအောင်တို့မှ မြို့နယ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ၊ ကိုယ်ဝန်ဆောင် မိခင်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက် ပေးလျက်ရှိနေပြီး၊ မွေးဖွားရန်လိုအပ်သည့် ကိုယ်ဝန်ဆောင်မိခင်များအား မြို့နယ်ဆေးရုံတွင် ပုံမှန်သဘာဝအတိုင်း မွေးဖွားပေးခြင်းနှင့် ခွဲစိတ်မွေးဖွားရန် လိုအပ်ပါက ခွဲစိတ်မွေးဖွားပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ၊ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မွေးလူနာ(၃)ဦးကို ပုံမှန်အတိုင်း မွေးဖွားပေးနိုင်ခဲပြီး၊ အမွှာကိုယ်ဝန်ဆောင်မိခင်(၃)ဦးကို မွန်းတည့်(၁၂)နာရီမှ ည(၁၀:၃၀)နာရီအထိ ခွဲစိတ်မွေးဖွားပေးခဲ့ကြောင်းသိရပြီး၊ ကိုယ်ဝန်ဆောင်မိခင်(၆)ဦးမှ (၃)ဦးမှာ ကလေးအမွှာများ မွေးဖွားခဲ့ခြင်းဖြစ်ရာ တစ်ရက်အတွင်း မိခင်(၆)ဦးမှ ကလေး(၉)ဦး မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မိခင်များနှင့်ကလေးများ အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ကိုနေ(ကျောက်ပန်းတောင်း)