ဒက္ခိဏသီရိ ဩဂုတ် ၁၁
နေပြည်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၀)ကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းကဏ္ဍတာဝန်ခံ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က အမှာစကား ပြောကြားရာတွင် ကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်ရာများ အနေဖြင့် နှစ်အလိုက်စီမံကိန်းများ ချမှတ်ပြီး စိုက်ပျိုးရေး၊ လူမှုရေး၊ လယ်ယာကဏ္ဍများ ဆောင်ရွက်ရာတွင် အမျိုးသားစီမံကိန်း၊ ဒေသန္တရစီမံကိန်းတွေကို ရည်မှန်းချက်များပြည့်မီရေး အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိုးစပါးနှင့်မိုးသီးနှံတွေကို ပြည့်ပြည့်ဝဝ စိုက်ပျိုးနိုင်ရေးနှင့် မျှော်မှန်းထားသည့် အထွက်နှုန်းများ ရရှိရေးကို ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးတွေမှာ ရည်မှန်းချက်များ အောင်မြင်ရေး ဆောင်ရွက်နေသည့်အပြင် သဘာဝဘေးကြောင့် လယ်ယာ မြေများ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးကိုလည်း ကြိုတင် ကာကွယ်ရေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိုးရွာသွန်းမှု နည်းပါးနေသဖြင့် ဆည်များအတွင်း ရေဝင်ရောက်မှု နည်းနေသည့်အတွက်ကြောင့် ဆည်ရေများကို စနစ်တကျ သုံးစွဲရေးကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ အား မိုးစပါးနှင့်မိုးသီးနှံများ အထွက်ကောင်းမွန် စေရေးအတွက် စိုက်ပျိုး နည်းစနစ်များ နှင့်အသိပညာပေးရေးလုပ်ငန်းများက်ု ကွင်းဆင်းဆောင်ရွက်ကြရန်လို အပ်ကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ချက် များနှင့် လျာထား ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြဆွေးနွေးကြရာ နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန်က တင်ပြချက်များအပေါ် ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)