ချီဖွေမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ချီဖွေ ဇူလိုင် ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ မြို့နယ်ကြက်ခြေနီ အသင်း ခွဲမှ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန် အတွက် မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကာရာ စည်ပင်သာယာစျေး၊ လမ်းဆုံနေရာ များ၌ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
 
အဆိုပါ နှာခေါင်းစည်းများဖြန့်ဝေရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးလော်ထန် ခေါင်ဟောင်း ဦးဆောင်၍ အမှုဆောင် တပ်ဖွဲ့ဝင်များက လူစည်ကားရာ နေရာများဖြစ်သည့် စည်ပင်သာယာစျေး၊ လမ်းဆုံနေရာ၊ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များ၊ထမင်းဆိုင်များ၊ မြို့အဝင်ကျန်းမာရေး စစ်ဆေးဂိတ်များတွင် လက်သန့်ဆေးရည် အသုံးပြုစေခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို တိတိကျကျလိုက်နာ ဆောင်ရွက် ကြရန် ပြည်သူ များအား အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း(Mask) (၈၀၀)ခုနှင့် လက်အိတ်(၈၀၀) ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
 
ချီဖွေမြို့နယ် ကြက်ခြေနီအသင်းခွဲအနေဖြင့် ပုံမှန်လူမှုကူညီရေး လုပ်ငန်းများ နှင့် အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။