ရွာငံမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် Antigen Testkit များဖြင့် အခမဲ့သွားရောက်စစ်ဆေးနိုင်

ရွာငံ ဇူလိုင်  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ တတိယလှိုင်း ကူးစက်မှုအဖြစ် ဇွန်လ တတိယပတ်မှစတင်၍ ရွာမရပ်ကွက်ရှိ ဉာဏ်ကြီးရှင် ကော်ဖီစက်ရုံမှ စက်ရုံပိုင်ရှင်နှင့် ဝန်ထမ်းများမှ စတင်ကူးစက်ခံခဲ့ရာ ရောဂါကူးစက်မှုများ ထပ်မံ တိုးပွားလာမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုရှိ ဒေသခံပြည်သူများအားလုံး ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် Positive လူနာများနှင့် ထိတွေ့ခဲ့မိ၍ သံသယံရှိခြင်း၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှုမရှိသော်လည်း အဖျားလွန်ခြင်း၊ အနံ့ပျောက်ခြင်းများ ဖြစ်ပေါ်လာပါက မြို့နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနသို့ မိမိအသိစိတ်ဖြင့် ဆက်သွယ်သတင်းပေးပို့၍ Antigen Testkit များဖြင့် အခမဲ့ သွားရောက် စစ်ဆေးခံယူနိုင်ကြောင်း သိရသည်။

ရောဂါကူးစက်မှုများ ထပ်မံတိုးပွားလာမှုမရှိစေရေးအတွက် စျေးဖွင့်လှစ်ရောင်းချနေမှုများ၊ မော်တော်ယာဉ်လိုင်းပြေးဆွဲနေမှုများ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အခြားကုန်စုံဆိုင်များ၊ ကျန်းမာရေးအကာအကွယ် ပစ္စည်းများကို စနစ်တကျအသုံးပြုဆောင်ရွက်နိုင်ရေးနှင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်အသုံးပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်−၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ  သိရှိလိုက်နာဆောင်ရွက်နိုင်ရေးတို့ကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်လျှက်ရှိသည်။ ရွာငံမြို့နယ်တွင် ကိုဗစ်ဓါတ်ခွဲ အတည်ပြုလူနာ ဇူလိုင်လ ၅ ရက်နေ့အထိ (၃၅)ဦးရှိရာ (၁၂)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိပြီး ကျန်လူနာ များမှာ ရွာငံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ရွာငံ)