မိုင်းတုံ ဇူလိုင် ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ သတ္တမအကြိမ်မြောက် အသံမစဲ အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ် ပူဇော်ပွဲပိတ်ပွဲကို လွယ်ခမ်းလုံအုပ်စုရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(၆)မိုင် ဘုန်းကြီးကျောင်းတွင် ယမန်နေ့ နံနက် (၉)နာရီခွဲ က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ ရောင်ခြည်တော်ဖွင့်ဘုရားပင့် ဂါထာတော်ကို မိုင်းဆတ်မြို့ဦး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတက ရွတ်ဖတ်ပူဇော်ပြီး၊ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတထံမှ ဧည့်ပရိတ်သတ် အပေါင်းတို့က (၅) ပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်အပေါင်းတို့မှ မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခဲ့ကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်အပေါင်းအား စေတနာရှင်များမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ မိုင်းဆတ်မြို့ ဓာတ်စွမ်းဟုန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တရေဝတက ပဌာန်းရွတ်ဖတ်ရခြင်းအကျိုးနှင့် ပတ်သတ်၍ တရားပေးပြီးနောက် လှူဖွယ်ပစ္စည်းအစုစုအတွက် ရေစက်သွန်းချခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ "ဗုဒ္ဒသာသနံ စိရံတိဌတု" (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားပိတ်သိမ်းပြီး အလှူရှင်များမှ ဆရာတော်သံဃာတော် အရှင်သူမြတ်များကို ဆွမ်းကပ်ခဲ့ပြီး ဧည့်သည်တော်များကို နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ)