ဒလမြို့နယ်၌  ဒေသခံတောင်သူများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသ

 

ရန်ကုန် ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် လယ်မြေဧကပေါင်း ၄၆၇၄၂ စိုက်ပျိုးနိုင်ရန် လျာထားပြီး မိုးစပါးစိုက်ပျိုးကြသော ဒေသခံတောင်သူဦးကြီးများ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေရေးအတွက် ခေတ်မီနည်းပညာဖြစ်သော ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်းကို ယမန်နေ့ က ပျော်ဘွယ်ကြီးစံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြသခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊    မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမျိုးသူနှင့် တာဝန်ရှိသူများ၊ ဒေသခံက  တောင်သူဦးကြီးများ ပါဝင်သော အဖွဲ့သည်  ကွင်းအမှတ် ၂၀၉ ရှိ တောင်သူဦးမြသောင်း၏ စိုက်ဧက ၂၀ တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသမှုကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ယခင်က ဆန်စပါးစိုက်ပျိုးရာတွင် သမားရိုးကျ ကောက်စိုက်တံဖြင့် သီးနှံစိုက်ပျိုးခြင်းထက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပါက သီးနှံအထွက်နှုန်းကောင်းမွန်စေခြင်း၊ လုပ်ငန်းခွင် တွင်ကျယ်ခြင်း၊ လယ်ယာလုပ်သာရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ခြင်း၊ အလုပ်သမားခ ကုန်ကျမှုသက်သာခြင်း၊  ကောက်စိုက်စက်ဖြင့် တစ်ရက်လျှင် ၈ ဧက အထိ စိုက်ပျိုးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးဦးမျိုးသူက ဒေသခံတောင်သူများအား အသိပညာပေး ပြောကြားခဲ့သည်။

ဒလမြို့နယ်သည် နွေရာသီကာလ ရေချိုရရှိမှု နည်းပါးခြင်းကြောင့် နွေစပါးသီးနှံစိုက်ပျိုးရာတွင် စိုက်ဧက  ၇၀၀ ကျော်ကိုသာ နှစ်စဉ်စိုက်ပျိုးနိုင်ပြီး မိုးရာသီကာလတွင်သာ မိုးစပါးစိုက်ပျိုး ဧကပေါင်း ၄၆၇၄၂ စိုက်ပျိုးနိုင်ကြောင်း၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

နိုင်လင်းကျော်