ခရမ်း ဇူလိုင် ၅
ရန်ကုန်တောင်ပိုင်းခရိုင် ၊ခရမ်းမြို့နယ်၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက ခရမ်းမြို့ လူစည်ကားရာနေရာများ ဖြစ်သော ကားဂိတ်များ၊ ဆိုက်ကားဂိတ်များနှင့် ဈေးအဝင်/အထွက် အပေါက်နေရာများ ၊ မြို့အတွင်းသို့ ဝင်ရောက်သည့် လမ်းစုံများတွင် အဖွဲ့များဖွဲ့၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်း (Mask) များ တပ်ဆင်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမွန်အောင်နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ မြို့နယ်အတွင်း လူစည်ကားရာ နေရာဖြစ်သော မြို့မဈေး အဝင်/အထွက် အပေါက်နေရာများ
ထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံးရှေတို့တွင် လမ်းသွားလမ်းလာများအား နှာခေါင်းစီး (Mask) များ တပ်ဆင်ပြီးမှ အပြင်ထွက်ကြရန်နှင့် ဈေးသူ/ဈေးသား များအား နှာခေါင်းစည်း (Mask) များတပ်ဆင်ပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် တစ်စုံတစ်ရာ အရေးကြီးကိစ္စများ ပေါ်ပေါက်လာပါက နှာခေါင်းစည်း (Mask) များတပ်ဆင်ပြီးမှ သွားလာရန်၊ Hand Gel များဖြင့် လက်များကို မကြာခဏ ဆေးကြောသန့်စင်ရန် သတ်မှတ်ဦးရေထက် ပိုမိုစုဝေးခြင်းမပြုရန် ပညာပေးနှိုးဆော်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုမင်း