တံတားဦးမြို့နယ် ဆေးခင်းကြီး ကြိုးပြင်ကာကွယ်တောတွင် ကျေးရွာထင်းလောင်စာ ရရှိရေးအတွက် ထင်းစိုက်ခင်းတွင်သစ်ပင်များစိုက်ပျိုး

တံတားဦး   ဇူလိုင်   ၅

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တံတားဦး မြို့နယ် သက္ကယ်ကျင်းကျေးရွာရှိ ဆေးခင်းကြီးကြိုးပြင်ကာကွယ်တောတွင် ကျေးရွာသုံး စိုက်ခင်း၌ ကျေးရွာထင်းလောင်စာရရှိရေးအတွက် ထင်းစိုက်ခင်းတွင် သစ်ပင်များစိုက်ပျိုး ပြီးစီးကြောင်း သိရသည် ။

ဆေးခင်းကြီး ကြိုးပြင်ကာကွယ်တောသည် ဧကအားဖြင့်(၅၀)ဧကရှိပြီး ကျောက်မြေနု ၊ သဲဝန်းစနယ်မြေဖြစ်ရာ မူလတောအမျိုးအစားအနေဖြင့် အပူပိုင်းတောခြောက်တောဖြစ်ကြောင်း  သဘာဝအလျောက် ပေါက်ရောက်သောအပင်များမှာ သန်းပင်၊ ဒဟတ်ပင် ၊ နဘဲနှင့် ရှားပင်များ ပေါက်ရောက်ကြောင်းနှင့် မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ထပ်မံ စိုက်ပျိုးသည့် ပျိုးပင်များမှာ ယူကလစ်(၈၁၀၀)ပင်ကို (၁၅)ဧက၊  ရှား(၈၉၁၀)ပင်ကို (၁၆.၅၀) ဧက၊  အညာကုက္ကို (၈၉၁၀)ပင်ကို (၁၆.၅၀)ဧက ၊  မြင်ဝါး(၁၀၈၀)ပင်ကို (၂)ဧက ၊ စုစုပေါင်း ဧက(၅၀)တွင် ပျိုးပင်ပေါင်း (၂၇၀၀၀)ကို စိုက်ပျိုးထားရှိပြီး စိုက်ပျိုးသည့်ပျိုးပင်များ ရှင်သန် ကြီးထွားလာပါက သက္ကယ်ကျင်း ကျေးရွာသုံးထင်းစိုက်ခင်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သင်ပန်း(အမြဲတမ်း) ပျိုးဥယျာဉ်တွင် ကျေးရွာသုံးစိုက်ခင်းဧက(၅၀)အတွက် ပျိုးပင် ပေါင်း (၃၃၇၅၀)ပင် ၊ တောင်တန်းစိုက်ခင်းဧက(၄၀)အတွက် ပျိုးပင်ပေါင်း(၂၀၁၅၀)ပင် ၊ တစ်အုပ်တစ်မ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းအတွက် ပျိုးပင်ပေါင်း(၆၆၀၀)ပင် ၊ ပျိုးပင်စုစုပေါင်း(၆၀၅၀၀)ပင်ကို ပြုစုပျိုးထောင်ထားကြောင်းနှင့် ကျေးရွာသုံးစိုက်ခင်းစိုက်ပျိုး ရခြင်း၏ ရည်ရွယ်ချက်မှာ ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်ဖြစ်သော သစ် ၊ တိုင် ၊ မျော ၊ ထင်းစသည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးရန် ဖြစ်ကြောင်း မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ထွန်းထံမှ သိရသည် ။

ရဲတင့်(တံတားဦး)