တွံတေး ဇူလိုင် ၅
၂၀၂၁ ခုနှစ် မိုးရာသီတွင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်တိုးတက်ကောင်းမွန် လာစေရေးတို့ကို အထောက်အကူပြုရန်၊ သဘာဝတောများမှ ထုတ်ယူသုံးစွဲမှုအား လျှော့ချနိုင်ရန်၊ ကျေးလက် ပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်၊ ပြုစုထိန်းသိမ်း ရေးနှင့်စနစ်တကျ ထုတ်ယူ သုံးစွဲရေးဆိုင်ရာ အသိအမြင်များ တိုးပွားလာစေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ဌက်ပျောစမ်းကျေးရွာကျေးရွာ အုပ်စု၊ ရွာသစ်ကြီးကျေးရွာရှိ၊ အခြေခံ ပညာအလယ်တန်းကျောင်းတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါ စာသင်ကျောင်းဝင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးစိန်မောင်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်း ရေးကော်မတီမှ အဖွဲ့ဝင်များအား ပျိုးပင်များပေးအပ်ပြီး ထို့နောက် တက်ရောက်လာသူများက သစ်ပင်စိုက်ပျိုးကြသည်။
တွံတေးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်း များ ထူထောင်ခြင်းဖြင် သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ ဒေသအပူချိန်လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး သဘာဝအန္တရာယ်များမှ ကာကွယ်နိုင်စေရန်အတွက် ကျွန်း၊ ပျဉ်းကတိုး ပိတောက်၊ မဟောဂနီ၊ မန်ဂျန်ရှား၊ ဂန့်ကော်၊ ခရေ၊ စိန်းပန်း၊ ငုရွှေဝါ၊ ပျိုးပင် စုစုပေါင်း (၃၀၀ ) ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်၊ မြို့နယ်မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာပြည်သူများက တစ်ပျော်တစ်ပါး သစ်ပင် စိုက်ပျိုးခဲ့ ကြောင်း သိရှိရသည်။
တွံတေးမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးကြမည့် အသင်းအဖွဲ့များနှင့် ပြည်သူများအား ပျိုးပင် (၄၀၀၀၀) ပင်ကို (အခမဲ) ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း သိရသည်။