ကျောက်ဆည်မြို့တွင် စပါးစိုက်တောင်သူများ မျိုးစေ့ကုန်ကျမှုသက်သာသည့် ပျိုးဗန်းစနစ်ဖြင့် စပါးမျိုးများပျိုးထောင်လာ

ကျောက်ဆည်၊ ဇူလိုင် ၅
 
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် စပါးစိုက်တောင်သူများ စပါးပျိုးထောင်ရာတွင် မြေနေရာ ကျဉ်းကျဉ်းနှင့် မျိုးစေ့ကုန်ကျမှု သက်သာသော ပျိုးထောင်နိုင်သည့် ပျိုးဗန်းစနစ်ဖြင့် စပါးများ ပျိုးထောင် လာကြောင်း သိရှိရသည်။
 
ထိုသို့ ပျိုးဗန်းစနစ်ဖြင့် စပါးမျိုးများ ပျိုးထောင်ရာတွင် အမြင့်(၁)လက်မရှိ အလျား(၂)ပေxအနံ(၁)ပေရှိ ပလပ်စတစ်ပျိုးဗန်းများတွင် ရေဆွတ်ထားသည့် သတင်းစာစက္ကူများခင်းပြီး နှုန်းမြေ(၃)ဆ၊ ဖွဲပြာ(၁)ဆ ရောကာ စပါးမျိုးစေ့ နို့ဆီဗူး(၁)ဗူးခန့် ညီညာစွာဖြူး၍ ဖွဲပြာဖုံးကာ ရေလောင်း၍မျိုးထောင် ရကြောင်း၊ အပင်ပေါက်ညီညာစေရန်အတွက် ပျိုးဗန်းများကို လေဝင် လေထွက် ကောင်းသည့် အရိပ်တွင်ထား ရှိကာ ရေဖျန်းခြင်းများ ဆောင်ရွက်ရပြီး လိုအပ်ပါက အမြစ်ပွားဆေးအသုံးပြုပေးရကြောင်း သိရှိရသည်။
 
ပျိုးဗန်းစနစ်ဖြင့် စပါးစိုက်ပျိုးမည်ဆိုပါက စပါး(၁)ဧကအတွက် မျိုးစေ့(၈)ပြည်မှ(၁၀)ပြည်အထိ အသုံးပြုရပြီး စိုက်ပျိုးရာတွင်လည်း ပျိုးသက်နုချိန်(၁၄)ရက်မှ(၁၆)ရက်အတွင်းစိုက်ပျိုးရသောကြောင့် အပင် ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းသောကြောင့် စပါးစိုက် တောင်သူများ စိတ်ဝင်စားမှု များလာပြီး ပျိုးဗန်းစနစ်ဖြင့် ပိုမိုပျိုးထောင်လာကြကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)