မိတ္ထီလာ ဇူလိုင် ၅
မိတ္ထီလာမြို့တွင် ဇွန်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူ ၂၉ ဦးအထိရှိပြီး၎င်းတို့နှင့် ထိတွေ့သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်၁၉ရောဂါ ထိန်းချုပ် ကာကွယ်ကုသရေးစည်းကမ်းချက်များနှင့်အညီ အသွားအလာ ကန့်သတ်ထားရှိကြောင်း တာဝန်ရှိသူတစ်ဦးထံ က သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းမှာ ဇွန်လ ၂၄ ရက်နေ့ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ ကိုဗစ်၁၉ရောဂါ ပိုးစစ်ဆေးတွေ့ရှိသူ ၂၉ ဦးအထိရှိပါတယ်။ ကိုဗစ် ၁၉ ရောဂါ လူနာတွေနဲ့ ထိတွေ့ ဆက်စပ်သူ၃၅ ဦးရှိပြီး သူတို့ကို မိတ္ထီလာခရိုင် အားကစား ကွင်း Quaratine Centre မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနဲ့အညီ အသွားအလာ ကန့်သတ်ထားရှိပါတယ်။
သူတို့အနေနဲ့ အသွားအလာကန့်သတ်တဲ့နေရာမှာ ၁ဝ ရက်နေထိုင်ရမှာ ဖြစ်ပြီး စတင်ရောက်ရှိပြီး ၃ ရက်မြောက်နေ့မှာတစ်ကြိမ်၊ စတင်ရောက်ရှိပြီး ၇ ရက် မြောက်မှာတစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ကိုဗစ်၁၉ရောဂါပိုးရှိမရှိ အစစ်ဆေးခံ ရမှာ ဖြစ်ပါတယ်ဟု အဆိုပါ ကိုဗစ်၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များတွင် ပါဝင်တာဝန်ယူဆောင်ရွက်နေသည့် ခရိုင်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးနေဦးကပြောသည်။
မိတ္ထီလာမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း များကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စားသောက် ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များကိုလည်း ယနေ့ ဇူလိုင်လ ၅ ရက်နေ့က စတင်ပြီး ဆိုင်ထိုင်စနစ်အစား ပါဆယ်စနစ်ဖြင့်သာရောင်းချရန် သက်ဆိုင်ရာက ထုတ်ပြန်ညွှန်ကြားထားကြောင်း သိရသည်။
ချမ်းသာ