ထန်းတပင်မြို့ ကျောင်းကုန်းကျေးရွာအဝင် ကွန်ကရစ်တံတားတည်ဆောက်မှု (၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၅

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ကျေးရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဓနဲရိကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် ၂၀၂၁ ခုနှစ်၊ မတ်လဒုတိယအပတ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် အဆိုပါရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ပြီးမှုအနေဖြင့် (၁၀၀)ရာခိုင်နှုန်းအထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရ သည်။

လက်ရှိကျောင်းကုန်းကျေးရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်မှုအနေနဲ့ကတော့ (၁၀၀) ရာခိုင်နှုန်း ပြီးနေပါပြီ ကွန်ကရစ်တံတား ချဉ်းကပ်လမ်းဘဲ ကျန်တော့တယ် နောက်ပြီး ဒီကျေးရွာ ဖွံဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကျေးရွာနေပြည်သူတွေ ကိုယ်တိုင် ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ဆိုပြီးတော့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို အကောင် အထည်ဖော်ဆောင် ရွက်ပေးနေတာပါ၊ လက်ရှိကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ဆောင်ရွက်မှု အနေနဲ့ကတော့ ထန်းတပင်မြို့နယ် အနေနဲ့ကတော့ ကျေးရွာ ပေါင်း(၈)ရွာရှိပါတယ်ဟု မြို့နယ် ဦးစီးမှူး ဦးအေးနိုင်က ရှင်းပြသည်။

အဆိုပါရွာအဝင် ကွန်ကရစ်တံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ငွေကျပ်သိန်း(၁ဝဝ)နှင့် ကျေးရွာနေပြည်သူ များ၏ ထည့်ဝင်ငွေကျပ်(၁၈)သိန်းတို့ဖြင့် ရွာအဝင် ကွန်ရစ်တံတားကို အရှည်(၁၅)ပေ၊ အကျယ်(၁၄)ပေနှင့် အမြင့်(၁၂)ပေကို တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်း ရန်ကုန် မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်