ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြင်ဦးလွင်မြို့ရှိ ခရိုင်အားကစားကွင်းအတွင်း၌ ရောဂါကုသရေး Center ထပ်မံဖွင့်လှစ်ထားရှိ

ပြင်ဦးလွင်၊ ဇူလိုင် ၅
 
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်ဇူလိုင် ၂ ရက်နေ့ ၊ နံနက်ပိုင်းမှ စတင်ပြီး ပြင်ဦးလွင်ခရိုင်အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံခန်းမဆောင်များတွင် ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ အမျိုးသား ၊ အမျိုးသမီးသီးသန့်အဆာင်များဖြင့် တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ရောဂါကုသရေး Center ကို ထပ်မံတိုးချဲ့ဖွင့်လှစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယခင်က ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါပိုး (Positive ) တွေ့ရှိသူများကို ပြင်ဦးလွင်မြို့ရှိ ကုတင် ( ၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး Isolation Ward တွင် ဆေးကုသမှုခံ ယူလျက်ရှိရာယခုအခါတွင် မြို့နယ်အတွင်း ရောဂါကူးစက်သူများ များပြားလာသဖြင့် ရောဂါကြိုတင် ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းများ အချိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် နိုင်ရန်အတွက် ခရိုင်အားကစားကွင်းအတွင်းရှိ ခန်းမဆောင်များတွင် သီးသန့်ထပ်မံတိုးချဲ့ဖွင့်လှစ်ကာ ရောဂါကုသကာကွယ် လျက်ရှိသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသူ ( Positive ) ပိုးတွေ့လူနာမှာ ( ၂၅ - ၅-၂၀၂၁ ) ရက်နေ့မှ ( ၄- ၇ - ၂၀၂၁ ) ရက်နေ့အထိ ကျား ( ၉၀ ) ၊ မ ( ၁၄၀) ၊ ပေါင်း ( ၂၃၀ ) ဉီးခန့်ရှိနေပြီဖြစ်ကာ ရောဂါ ကုသရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး အဟာရဖြည့်စွက် အစားအစာများကိုလည်း အလှုရှင်များမှာ လာရောက် လှူဒါန်းပေးလျက် ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။