မိုင်းယောင်း ဇူလိုင် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့အဝင်/အထွက် စစ်ဆေးနိုင်ရေး မုန်းလိုက်တံတား ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ဇူလိုင်လ ၄ ရက်နေ့မှစတင်၍ ပြန်လည်ထားရှိကာ ညပိုင်းအချိန် ယာဉ်ဖြတ်သန်းသွားလာချိန်ကိုလည်း ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၈ နာရီချိန်အထိ ဖြတ်သန်းသွားလာခွင့်မပြုဘဲ ကန့်သတ်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းယောင်းမြို့အဝင် မုန်းလိုက်တံတား ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ကျန်းမာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၊ ကြက်ခြေနီနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောအဖွဲ့က နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီချိန်အထိ ခရီးသည်ယာဉ်ဖြတ်သန်းသွားလာခြင်း၊ ခရီးသည်များအား ခရီးသွားရာဇဝင်များ မေးမြန်းကောက်ခံခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ကြပြီး ခရီးသည်များမှလည်း သက်ဆိုင်ရာခရီးသွားကျန်းမာရေး ထောက်ခံချက် ပါရှိရမည်ဖြစ်ကာ နေရပ်ပြန်များအနေဖြင့် အသွားအလာကန့်သတ် Quarantine ဝင်ရမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အားချာ