ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ နှစ်ဦးထပ်မံတွေ့ရှိ

ချင်းရွှေဟော်    ဇူလိုင်  ၄

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ   ကိုဗစ်-၁၉ ရောဂါပိုးထိတွေ့ခဲ့သည့် ပြည်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ  ယနေ့  နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သည့် အသက်(၃၀)နှစ်အရွယ်၊ အမျိုးသားတစ်ဦးနှင့် အသက်(၅၇)နှစ်အရွယ်၊ အမျိုးသားတစ်ဦး စုစုပေါင်း(၂)ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့ရှိလူနာအား ဆေးကုသမှုခံယူနိုင်ရန်အတွက်  ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး  ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ပြည်သူ့ဆေးရုံ၊  သီးသန့်ကုသဆောင်သို့ ပြောင်းရွှေ့ပို့ဆောင်ထားပြီး ၎င်းနှင့် ထိတွေ့ခဲ့ကြသည့် အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၂)ဦး၊ စုစုပေါင်း(၃)ဦးတို့အား ကျန်းမာရေး စစ်ဆေးမှုများ  ပြုလုပ်ကာ အသွားအလာ  ကန့်သတ်စောင့်ကြည့်နိုင်ရန် Home Quarantine ထားရှိပြီး ၎င်းတို့ နေထိုင်သည့် နေရာများအား အသွားအလာကန့်သတ်ထား၍ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့တွင် ဇွန်လ(၂၃)ရက်မှ   ယနေ့အချိန်အထိ  ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြု လူနာ(၇)ဦးထိ ရှိပြီဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)