နမ့်စန်မြို့နယ်တွင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် Facility Quarantine ဆောင် နေရာအား သန့်ရှင်းရေးနှင့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်

နမ့်စန်(တ)    ဇူလိုင်    ၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်၏ လိုအပ်ချက်အရ Facility Quarantine ဆောင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် မြို့နယ်ခန်းမအား ကြိုတင်ပြင်ဆင်ခြင်း နှင့် ၄ထပ်ဆောင် (Facility Quarantine ) အဆောက်အဦ မွမ်းမံခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခွဲက စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ဦးဆောင်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင် နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးအယ်လ်လီဇာနှင့် တပ်ဖွဲ့ဝင်များ ၊ လူမှု ကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကွက်များမှပြည်သူများက မြို့နယ် ပြည်သူ့ဆေးရုံအနောက်ဘက်ရှိ ၄ထပ်ဆောင် (Facility Quarantine)အဆောက်အဦအား ကုတင်များ ထပ်မံဖြည့်သွင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း ၊ Facility Quarantine ဆောင်အသစ် တိုးချဲ့ဖွင့်လှစ်မည့် မြို့နယ်ခန်းမဝန်းအတွင်း မြက်နှင့်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း ၊ Facility Quarantineဆောင်၊ လုံခြုံရေးအဆောင်နှင့် ကြီးကြပ်ရေးအဆောင် ပြုလုပ်မည့်နေရာများအား သန့်ရှင်းရေး ပြုလုပ်ခြင်း ၊ ကုတင်များ ထည့်သွင်းခြင်း၊ ရေချိုးမည့်နေရာများနှင့် အိမ်သာများ သန့်ရှင်းရေး ပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို  စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
နမ့်စန်မြို့နယ်တွင် Facility Quarantine အဆောင်ကို မြို့နယ်ပြည်သူ့ဆေးရုံ အနောက်ဘက်ရှိ ၄ထပ်အဆောက်အဉီတွင် စတင်ဖွင့်လှစ်ထားရှိပြီး မြို့နယ်အတွင်း လိုအပ်ချက်အရ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)