မြောက်ဦး ဇူလိုင် ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်း လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းများတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယမန် နေ့ နံနက် ၈ နာရီအချိန်က မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သက်ဝေ ဦးဆောင်သော အမျိုးသမီးရေးရာအဖွဲ့ဝင်များက ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိ သော လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဆက်လက် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်အထွက်နေရာများ၌ ကျန်းမာရေး စစ်ဆေးရေးဂိတ်များအား ဖွင့်လှစ်ပြီး လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းလာရောက်ကြသော ဈေးရောင်း၊ ဈေးဝယ် လာရောက်ကြသူများ၊ ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာများနှင့် အငှားယာဉ်မောင်း နှင်သူများကို အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်နှင့် နှာခေါင်းစည်း Mask မပါရှိသူများအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက (Mask) ခုရေ (၅၀၀)ခန့်အား ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ဆောင်ရွက်ခြင်းသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပါးစပ်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း (ပြန်/ဆက်)